Pages

Sunday, February 12, 2012

ရေးထားတာတော့ကြာနေပါပြီ . . . ပြည်ထောင်စုနေ့နဲ့ Bogyoke BD အမှတ်တရ တင်ပေးလိုက်တာပါ . . .

နိုင်ငံရေးလုပ်မှာလား အာဏာရေးလုပ်မှာလား

ကျွန်တော် ခုလိုရေးလို့ ကျွန်တော်ဟာ ဘာကောင်လည်းဆိုတော့ ဘာကောင်မှလည်းမဟုတ်ပါဘူး။ နိုင်ငံရေးကို ဘယ်လောက်သိလို့ မင်းကပြောနေတာလည်းဆိုတော့ ကျွန်တော် အသက်ဟာ ငယ်ငယ်လေးပါ။ နိုင်ငံရေး လည်း မလုပ်ဘူးသလို စာလည်း မရေးဘူးပါဘူး။ ခုရေးတဲ့ဆောင်းပါးဟာ ပထမဆုံး အကြိမ်ရေးသာတဲ့ဆောင်းပါးသာဖြစ်ပါတယ်။ ကျွန်တော် ခုလိုရေးလို့ ကျွန်တော်ဟာ ဘယ်အဖွဲ့ အစည်း ကမှလည်း မဟုတ်သလို ဘယ်အဖွဲ့ အစည်းကိုမှလည်း ကိုယ်စားပြုနေမှာ မဟုတ်ပါဘူး။ အဲ့ဒါကိုတော့ကြိုတင်ပြောထားချင်ပါတယ်။ ကျွန်တော်ဟာ နည်းပညာ သမားသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော် အင်တာနက်သုံးပါတယ်။ အင်တာနက်ပေါ်မှာတွေ့နေရတဲ့ ဆောင်းပါးတွေ၊ ကွန့်မန့်တွေ ကနေ လူတွေရဲ့ စိတ်ထားတွေကို မြင်လာရပါတယ်။ နောက် ကျွန်တော်ပတ်ဝန်းကျင်မှာတွေ့နေရတဲ့လူတွေကိုကြည့်ပြီး ခုဆောင်းပါးလေးကို ရေးဘို့ စိတ်ကူးရလာတာပါ။ ဆောင်းပါးရေးတဲ့လူကိုယ်တိုင် ဆောင်းပါး ထဲက လိုကျင့်ကြံနိုင်ဘို့ ကြိုးစားနိုင်ရန်လည်း ဦးစွာဆုတောင်းသမှုပြုလိုက်ရင်းနဲ့ ကျွန်တော် ဆောင်းပါးလေးကို စတင်ပါတော့မယ်။ နိုင်ငံရေးလုပ်မှာလား အာဏာရေးလုပ်မှာလား ဆိုတဲ့ခေါင်းစဉ်မှာရည်ရွယ်ချက်တွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လူအများစုဟာ အမြင်လွဲမှားနေတာလေး တစ်ခုရှိနေပါတယ်။ အဲ့ဒါက နိုင်ငံရေးလုပ်တဲ့ အပေါ်မှာပါ။ ဒါဟာ ကျွန်တော်အမြင်သက်သက်သာ ဖြစ်ပါတယ်။ မှန်တယ် မမှန်ဘူးဆိုတာတော့ စာဖတ်သူတွေသာကိုယ်တိုင်ဆုံးဖြတ်စေချင်ပါတယ်။ ကျွန်တော်ဆိုလိုချင်တဲ့ နိုင်ငံရေးဆိုတာ လမ်းမပေါ်ထွက် ပြီးလက်သီးလက်မောင်းတန်းနေမှ နိုင်ငံရေးလို့ မခေါ်ပါ ဘူး။ အဲ့သလို ကျွန်တော်မြင်ပါတယ်။ နောက်တစ်ချက်က နိုင်ငံရေး ဟာ ပါတီတွေဖွဲ့ပြီးလုပ်ဆောင်မှ နိုင်ငံရေး အထမြောက်တယ်လို့ ကျွန်တော် မမြင်ပါဘူး။ နောက် ထပ်တစ်ချက်က လွှတ်တော်ထဲဝင်နိုင်မှ နိုင်ငံရေးလုပ်နိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ ပါတီထောင်နိုင်ပြီး လွှတ်တော်ထဲဝင်နိုင်မဲ့သူတွေ အတွက်သာဆိုရင် အဲ့ဒီ ယူဆချက် အတွေးအခေါ်တွေဟာ နိုင်ငံတိုးတက်ဘို့ကို များစွာ အဟန့်အတားတွေနဲ့ အထနှေးစေမယ့် အတွေးအခေါ်တွေ ဖြစ်နေမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့လည်း ဆိုတော့ နိုင်ငံရေးဆိုတာ လူတစ်စုတည်းနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော်ယူဆလို့ပါ။ လူတစ်စုတည်းလုပ်လို့ နိုင်ငံတိုးတက်ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံသားတိုင်းပါဝင်လုပ်ဆောင်ရမှာပါ။ အဲ့ဒါမလို့ ကျွန်တော့ အမြင်က နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ မူလတန်း အရွယ် ကျောင်းသားလေးမှသည် နိုင်ငံတော်ကို ဦးဆောင်မှုပြုနေသော သမ္မကြီးကိုယ်တိုင် နိုင်ငံရေးလုပ်နေတာပါ။ သူနေရာနှင့် သူ့အသက်ရွယ်နှင့် ကိုယ်နိုင်ရာ လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေကြတာပါ။ မူလတန်းကျောင်းသားလေးသည် နောက်တစ်ချိန်တွင် နိုင်ငံတော် သမ္မတကြီးဖြစ်လာမည်မှာ ဧကန်မလွဲပါ။ အဲ့ဒါကြောင့် နိုင်ငံသားတိုင်းရဲ့ စိတ်ထဲမှာ အားလုံး ဟာ ကိုယ်စီကိုယ်ငှာ ကိုယ်နိုင်ငံအတွက် လုပ်ဆောင်နေပါသလားဆိုတဲ့ နိုင်ငံရေး အသိတရားတွေရှိနေသင့်ပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဘို့ပါဘဲ။ ပါတီမထောင်နိုင်လို့ လွှတ်တော်ထဲမ၀င်နိုင်လို့ မိမိကိုယ်ကို မိမိ နိုင်ငံရေး မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့ နိုင်ငံသားတိုင်းအားလုံးဟာ ကိုယ်စီကိုယ်ငှ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာတော့ သေချာ တွေးလေ သေချာမြင်လေဖြစ်မှာပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ ကျွန်တော့မှာ ပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ဥပမာလေးအနေနဲ့ပါ။ တစ်ခါသော မနက်ခင်းမှာ အငြိမ်းစားကျောင်းဆရာ အဘိုးကြီးဟာ သူ့ မြေးငယ်လေးနဲ့ အတူ လက်ဖက်ရည်ဆိုင်မှာ နံနက်စာ စားသောက်ဘို့ ထိုင်နေတုန်းမှာပါ။ သူတို့ရဲ့ ဘေးဝိုင်းမှာက လမ်းထဲက ပွဲစားရောင်ရောင် အလုပ်လက်မဲ့လူတစု ရှိနေပါတယ်။ နောက်တဝိုင်းမှာတော့ ကျောင်းမတက်ဘဲ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ကျောင်းသားတစ်စု ရှိနေပါတယ်။ ကျောင်းသားတွေ ဝိုင်းနဲ့ ပွဲစားတွေဝိုင်းဟာ အစပိုင်းမှာတော့ ဘောလုံးပွဲအကြောင်းပြောလိုက် ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ နောက်ဆုံး နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘယ်နိုင်ငံမှာ ဘာတွေဖြစ်နေတယ်။ ဆန္ဒပြပွဲတွေဖြစ်နေတယ်။ ဘယ်နိုင်ငံမှာ ဘာတွေတိုးတက်နေတယ် စသဖြင့် တို့ နိုင်ငံမှာ တော့ ဘာတွေဖြစ်နေတယ် ဟိုဟာတွေလိုတယ်၊ ဒါတွေဖြစ်သင့်တယ်၊ ဟိုလူကြီးမကောင်းဘူး၊ ဒီလူကြီးမကောင်းဘူး စသည်ဖြင့် ဝေဖန်ရေးတွေနဲ့ တောင်ရောက်ရောက်မြောက်ရောက်ရောက် စကားတွေပြောနေပါတယ်။ အဲ့ဒီအပြင် ဆိုင်မှာ ပြသနေတဲ့ တီဗွီ ရဲ့ နိုင်ငံခြားသတင်းမှာလည်း ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံသားတွေက စုရုံးဆန္ဒပြနေကာ ဆိုဆဲမှုများပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်။ အဲ့ဒါနဲ့ မြေးဖြစ်သူက သူ့ အဘိုးကို မေးပါတော့တယ် . . . အဘိုး နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာလည်းတဲ့ . . . အဲ့ဒီတော့ အဘိုးအိုဟာ သူ့မြေးလေးကို ပြန်ပြောလိုက်ပါတယ် . . . မြေးလေး မှတ်ထားတဲ့ . . . နိုင်ငံရေးလုပ်တယ်ဆိုတာ ဟောဟို တီဗွီထဲက လို လက်သီးလက်မောင်းတန်းပြီးအော်နေတဲ့ သူတွေလည်း မဟုတ်ဘူး . . . ဟောဟို စားပွဲမှာထိုင်ပြီး ဘာမှ မလုပ်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်စကားတွေပြောပြီး ဟိုသူ့ဝေဖန် ဒီသူ့ဝေဖန်နေတာလည်း နိုင်ငံရေးလုပ်တယ် မခေါ်ဘူး။ တကယ်တော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ဟောဟိုမှာ ကြည့်လိုက် ဆိုင်ထိပ်မှာ အမှိုက်လိုက်ကောက်နေပြီး ဆိုင်ဘေးက ရေမြောင်းကို ရှင်းနေတဲ့ စားပွဲထိုးကောင်လေး ကိုတွေ့လားမြေးလေး . . . သူကမှ တကယ်နိုင်ငံရေးလုပ်နေတာ . . . မြေးဖြစ်သူက ဇဝေဇဝါနဲ့ ဘိုးဘိုး သားနားမလည်ဘူး လို့ ပြောတော့ . . . အဘိုးဖြစ်သူက . . . ဟုတ်တယ် မြေးလေး . . . နိုင်ငံရေး ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ် . . . နိုင်ငံတွင်းမှာ မှီတင်းနေထိုင်သူတိုင်းနဲ့ သက်ဆိုင်တယ်ဆို ပိုမှန်တယ် မြေးလေး။ တကယ်တော့ ဘိုးဘိုးတို့ အိမ်အတွက်ဆိုရင် သားသား ဖေဖေ မနက်မနက်ဆို အလုပ်သွားတာ ကိုတွေ့တယ်မလား အေး အဲ့ဒါကို စီးပွားရေးလုပ်တယ်လို့ ခေါ်တယ်။ သားသား ဖွားဖွားကြီး အလှူသွားတာ ၊ နာရေးသွားတာတွေကို လူမှုရေးလုပ်တယ်လို့ ခေါ်တယ်။ အဲ့သလိုဘဲ အိမ်မှုအရေးကိစ္စတွေကို လုပ်ကိုင်နေတာကို အိမ်တွင်းရေးလုပ်တယ်လို့ခေါ်တယ်။ မြေးလေးတို့ အိမ်မှာ အိမ်ကို လှအောင်ပြင်တာဆင်တာတွေ၊ အိမ်ဝင်ငွေတိုးတက်အောင်လုပ်တာတွေ၊ အိမ်လေး သာယာလှပအောင်လုပ်နေတာတွေကို အိမ်အရေးလုပ်တယ်လို့ ခေါ်တယ်။ အဲ့သလိုဘဲ မြေးလေးတို့ နေတဲ့ နိုင်ငံမှာ သာယာလှပအောင် စည်ပင်ဝပြောအောင်လုပ်ဆောင်နေတာတွေကို နိုင်ငံရေးလုပ်တယ်လို့ ခေါ်တယ် မြေးလေး . . . . မြေးလေးတို့ အိမ်မှာ သာယာလှပအောင်လုပ်ဆောင်ဘို့ က အိမ်သားတိုင်းတာဝန်ရှိ သလို မြေးလေးတို့ နိုင်ငံမှာလည်း သာယာလှပအောင်လုပ်ဆောင်ဘို့ က နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်မြေးလေး . . . . မြေးလေးကြည့် ဟောဟို မှာ အမှိုက်ကောက်ပြီးရေမြောင်းတူးနေတဲ့ စားပွဲထိုးလေးကိုကြည့်လိုက် သူကမှ သူ့ဆိုင်ရှေ့ သာယာလှပရေးကိုလုပ်နေတာ . . . . သူ့ ဆိုင်ဘေးလေးရှင်းလင်းလိုက်တော့ . . . သူဆိုင်ဘေးလမ်းလေးမသာယာဘူးလား . . . ဆိုင်ဘေးလမ်းလေးရှင်းလင်းနေတော့ . . . သူရပ်ကွက်ကလေးမလှပဘူးလား . . . သူနိုင်သလောက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာ . . . . အဲ့တော့ သူကမှ နိုင်ငံရေးလုပ်တယ်လိုခေါ်နိုင်တယ် . . . ဟောဟိုမှာလို ဘာမှ မလုပ်ဘဲ ဝေဖန်လေကန်နေတဲ့ လူတွေရယ် . . . လူမြင်မတော် လမ်းပေါ်ထွက်ပြီး အော်နေတဲ့သူတွေက နိုင်ငံရေးလုပ်တာ မဟုတ်ဘူး မြေးလေး . . . သူတို့တွေသာ တကယ် စေတနာနဲ့ အသိဥာဏ်ရှိမယ်ဆိုရင် . . . အဲ့သလိုပြောနေမှာ မဟုတ်ဘူး . . . ဟို စားပွဲတိုးလေးလို တွေ့ တဲ့ အမှိုက်ကို လိုက်ကောက်ပြီး ကိုယ့်လမ်းသာယာရေး ၊ ကိုယ်ရပ်ကွက်သာယာရေး ကနေမှ တဆင့် ကိုယ့် နိုင်ငံသာယာရေးကို လုပ်ဆောင်ကြမှဘဲ . . . တကယ်တော့ မြေးလေး သူတို့ တွေဟာ နိုင်ငံသာယာရေး ၊ နိုင်ငံ့အရေးကို စိတ်မ၀င်စားဘဲ . . . အာဏာအရေးကို စိတ်ဝင်စားနေတဲ့သူတွေဘဲ မြေးလေး . . . အဲ့တော့ မြေးလေးတို့ တွေသိထားရမှာက နိုင်ငံသာယာတိုးတက်ရေး ဖြစ်တဲ့ နိုင်ငံရေးလုပ်ဘို့ ကို ဘဲချစ်မြတ်နိုးပါ . . . တစ်ဦးတစ်ယောက်တစ်ဖွဲ့ကောင်းစားစေတဲ့ အာဏာအရေးကိုတော့ စိတ်မ၀င်စားပါနဲ့ . . . လို့ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဆုံးမပြောဆိုပါတယ် . . . . ကျွန်တော် ဆိုလိုရင်း အဓိပ္ပာယ်မှာ မည်သူတစ်ဦးတစ်ယောက် နှင့် မည်သည့် အဖွဲ့အစည်း ကိုမှ စော်ကားလိုခြင်းမရှိပါဘူး . . . ကျွန်တော်တို့ နိုင်ငံတိုးတက်ဘို့ရာ ကျွန်တော်တို့တွေ တစ်ဦးကောင်းတစ်ဖွဲ့ကောင်းနဲ့ ချီတက်နေလို့ ရမယ်လို့ ကျွန်တော်မထင်ပါ။ မည်သူတစ်ဦးတစ်ယောက်ကို မှ အားကိုးနေဘို့လည်း မလိုပါ . . . မြတ်စွာဘုရားဟောကြားထားသောတရားတော်အရ အရာအားလုံး ဟာ အနိစ္စသဘောရှိပါတယ် . . . ဒီနေ့ အသက်ရှင်နေပေမဲ့ မနက်ဖြန်သေသွားနိုင်ပါတယ် . . . အဲ့ဒါမလို့ မည်သူတစ်ဦးတစ်ယောက်ကို မှ အားမကိုးဘဲ မိမိ ကိုယ်တိုင် ကြိုးစားဘို့လိုမယ်တယ်ပါတယ် . . . နောက်တစ်ခုဟာ နိုင်ငံရေးလုပ်မယ်လို့ ခံယူထားတဲ့သူများဟာလည်း မိမိ ကိုယ်ကို မိမိ ပြန်မေးပါ . . . ငါဟာနိုင်ငံရေးလုပ်မှာလား . . . အာဏာရေးလုပ်မှာလားဆိုတာကို . . . နိုင်ငံဖွံ့ဖြိုးတိုးတက်ဘို့ နိုင်ငံရေးသန့်သန့်လေးကိုသာလုပ်ဆောင်စေချင်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်အနာဂတ်အတွက်ကြိုးစားသင့်ပါတယ်။ ယခုလိုပွင့်လင်းလာတဲ့ လမ်းကြောင်းပေါ်မှ အားလုံးတက်ညီလက်ညီနဲ့ကြိုးစားပြီး နိုင်ငံရေးသက်သက်ကို သာ ဝိုင်းဝန်းလုပ်ဆောင်မှ ကျွန်တော်တို့ နိုင်ငံဟာ ဒေသ၀န်းကျင်နိုင်ငံများထက်သာလွန်ကာ မြန်မာတွေ ကမ္ဘာ့အလယ်မှ မျက်နှာပန်းလှနိုင်မယ်လို့ ထင်မြင်မိပါတော့တယ်။ pyi phyo mg mg soe

No comments:

Post a Comment